Thursday, August 20, 2009

”မဆုံးတဲ့.. ကဗျာ”

တီထွင်မှုတွေခြေချင်းလိမ်နေတဲ့ လမ်းပေါ်မှာ
ကျနော့်ခြေထောက်တွေလည်း တောင့်နေခဲ့ပါပြီ…

ရောင့်ရဲမှုကိုမျက်နှာလွှဲထားတတ်တဲ့ ခေတ်ထဲမှာနေရတာ
ပျင်းစရာတော့အကောင်းသား
အပြင်းစားငြီးငွေ့မှုမျိုးတွေနဲ့လည်း ငြီးငွေ့ခဲ့ဖူးပါတယ်
အဆိုးဆုံးကတော့ အမီမလိုက်နိုင်တဲ့ပြဿနာပါပဲ
လေယာဉ်ပျံကိုခဲနဲ့ပေါက်လို့လည်း ကိစ္စကငြိမ်းသွားမှာမဟုတ်ဘူး
ဝှုး…………မောတယ်
အပြောလွယ်သလောက် အလုပ်ကျတော့မတွင်ကျယ်ပြန်ဘူး
အပြောကျယ်တဲ့ နေ့တဓူဝတထွာရေးရာကိစ္စ
သမုဒ္ဒရာလိုတီထွင်မှုတွေကစခဲ့တော့တာပါပဲ…..

အကောင်းစားဇာတ်လမ်းတပုဒ်ကို အမီလိုက်နိုင်ဖို့အတွက်တောင်
စိတ်တွေအဆန်ချောင်ပြီး မြေလျှိုးမိုးပျံဖြစ်နေခဲ့ရတဲ့အခါ
ဟာသပြဇာတ်တပုဒ်ထဲမှာ ကိုယ့်ကိုယ်ကိုဒေါင်လိုက်ထိုးထည့်
အတည့်ကိုပြောင်းပြန်လုပ် ခပ်အုပ်အုပ်ရယ်ခဲ့မိရတယ်
အသံကျယ်ကျယ်တော့ မရယ်ရဲခဲ့ပါဘူး
ကိုယ့်တွင်းကိုယ်တူးနေရမှာစိုးလို့
ကိုယ့်အတွက်ပျင်းဖို့နည်းနည်းချန်ထားတတ်တာ မွေးရာပါဗီဇမို့
တနေရာရာမှာချို့တဲ့နေတာ ခန္ဒာကိုယ်တခုလုံးပါပဲ…..

စိတ်ဓာတ်ပြုပြင်ရေးစက်တလုံးကိုတော့
ခေါင်းအုံးတလုံးအဖြစ်အသုံးချ
ညတွေကို ဆေးမြီးတိုနဲ့ကြိတ်ကုခဲ့ရဖူးပါတယ်
ကားမရှိရင်လည်း ခြေထောက်နှစ်ချောင်းဟာဘီးတွေပဲပေါ့
လေယာဉ်ပျံမရှိတော့လည်း လက်နှစ်ဖက်ဟာအတောင်ပံတွေပဲပေါ့
သိပ်ပြီးထူးဆန်းမယ်လို့တော့ မထင်မိပါဘူး....

ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ သဘောတရားအတိုင်း
လူကိုလူက လူအဖြစ်မွေးထုတ်ပြတယ်
လူကလူကို ပြန်မြိုဖို့အတွက်
လူကိုပြန်ဖျောက်တဲ့ ကရိယာတွေကို
လူလိုမဟုတ်တဲ့စိတ်တွေနဲ့ မက်မက်မောမောတီထွင်ကြတယ်
လူစွမ်းကောင်းတွေလက်ရည်သွေးနေကြတဲ့ လောကမှာ
ကျနော်ကတော့ လက်ချည့်ဗလာသက်သက်
အသက်ငွေ့ငွေ့ကိုတော့ မသေရုံတမယ်ရှုတတ်ခဲ့ပါတယ်
တစုံတဦး၏ဂုဏ်ကျေးဇူးများ မိမိတွင်ပူးကပ်နေပါစေ…

ဒီဆုတောင်းကောင်းသလား!
ဟောင်းသွားခဲ့တာတော့ တော်တော်ကြာပြီ
နာရီကိုတီထွင်တဲ့သူပဲ အချိန်အကြောင်းကောင်းကောင်းသိမှာပေါ့
ကျနော့်ကိုမွေးတဲ့အချိန်တုန်းက အပိုလို”၁၁” လကမ္ဘာပေါ်ရောက်တယ်
သက်တောင့်သက်တာ အသက်ရှင်နေထိုင်မှုတွေအတွက်
တီထွင်ရှာဖွေမှုတွေကလည်း သိပ်ကိုပြောင်မြောက်လှချည်ရဲ့….

ချွင်းချက်ဆိုတာ ဘယ်တော့မှယွင်းပျက်မသွားမယ့်အရာ
တီထွင်ဆန်းသစ်မှုအတော်များများဟာ
သက်တောင့်သက်တာ အရင်းအနှီးစိုက်ထုတ်နိုင်သူတွေအဖို့ပါပဲ
ဒီတီထွင်ဆန်းသစ်မှုတွေအတွက် ဘာကိုကျေးဇူးတင်နေရဦးမှာလဲ!
တော်ရုံပဲပြောပါ မောနေမှာစိုးလို့
ကျနော်ကတော့ ချွင်းချက်မရှိအတိအကျမောနေတယ်…

ကျနော်သောက်ဖို့ရေတစက်ကိုတောင်
ကျနော်ကိုယ်တိုင်ရှာရင်း ဖက်ဖက်မောနေတုန်း
ခုရောက်နေတဲ့နေရာက သဲကန္တာရမဟုတ်ပေမယ့်ရေရှားတယ်
ကျနော်ကိုယ်တိုင် ဘယ်လေနဲ့အရှိန်ယူ
ပျံသန်းမှုကို ဘယ်လိုသင်ယူရမှန်းမသိတဲ့နေရာမှာ
စိတ်တွေပျာယာခပ်နေတာကို
အပေါစားဆန်တယ်လို့ထင်ရင်လည်း ပြဿနာမရှိဘူး
လူတိုင်းကိုယ့်အလုပ်နဲ့ကိုယ် မြုပ်ချီပေါ်ချီလှုပ်ချီလှော်ချီပါပဲ….

အလုပ်ဆိုလို့ပြောရဦးမယ်
တချို့က အလုပ်ရှာတဲ့အလုပ်ကို အလုပ်တခုအဖြစ်လုပ်နေရတယ်
ဘယ်လိုတီထွင်မှုတွေအပေါ်များ ရပ်တည်ကြရဦးမှာလဲ!
ကျပ်ညပ်နေတဲ့ဘတ်စ်ကားလို လူကမ္ဘာကြီးထဲမှာ
လက်လှုပ်ခြေလှုပ်ရုံလောက်နဲ့တော့ အသက်ပြုတ်သွားတာပဲအဖက်တင်မယ်
ဥာဏ်တွေကိုလှုပ်လှုပ်ပြီးသုံးနိုင်တဲ့သူတွေတောင်
အသက်မပြုတ်ရုံတမယ် ချောင်ချောင်လည်လည်မရှိလှပါဘူး
အလိုက်သင့်မောင်ဘဦးကတော့ ရေကူးတတ်တယ်လေ
ငါးမရလို့ရေချိုးပြန်ရုံလေးနဲ့တင် ပင်လယ်ပြင်မှာရေခမ်းသလောက်ဖြစ်နေပြီ…

အခုတော့လည်း
ကိစ္စခပ်များများဟာ ယုံတမ်းစကားတွေကိုဖြစ်လို့
ကိုယ်ပါလို့မပြီးခဲ့တဲ့ ပွဲအားလုံးဟာ
ကိုယ်မပါတော့လည်း ဒီအတိုင်းပဲမဟုတ်လား!
ဒါကြောင့် ရှေးဟောင်းနှောင်းလူတွေကိုလည်း အပြစ်မမြင်ရဲတော့ပါဘူး
ထူးခြားတာတခုကတော့ မထူးခြားတာတခုပါပဲ
မကောင်းဘူးဆိုတာကို မကောင်းမှန်းသိပေမယ့်
မကောင်းတာကို ကောင်းအောင်လုပ်ဖို့အတွက်ကျပြန်တော့
စိတ်ကလွယ်သလောက် လက်တွေကမရောက်ဖြစ်အောင်ခက်နေပြန်ရော
ဘယ်လိုအဟောနဲ့များ ဒီတရားမှာဆက်မြောနေရဦးမယ်မသိပါဘူး….

ဘာလိုလိုနဲ့ အပြင်ဖက်မှာမိုးတောင်တော်တော်ချုပ်နေပြီ
စိတ်တွေကိုကြိုးဖြည် ရွက်လွှင့်ခြင်းတေးသီဖို့
ဟောဒီကဗျာက ဒီမှာမဆုံးသေးဘူး
ဝှုး…………မောတယ်
အပြောလွယ်သလောက် အလုပ်ကျတော့မတွင်ကျယ်ပြန်ဘူး
အပြောကျယ်တဲ့ နေ့တဓူဝတထွာရေးရာကိစ္စ
သမုဒ္ဒရာလိုတီထွင်မှုတွေကစခဲ့တော့တာပါပဲ…………..။

13 comments:

မယ့်ကိုး said...

အားပါးတရရေးထားတဲ့ မဆုံးတဲ့ ကဗျာကို နှစ်ထောင်းအားရဖတ်သွားပါတယ်။
စာကြောင်းတိုင်း အားကောင်းလှပလို့ ဖတ်ရတာ...
ဝှုး…………မောတယ် ... =)

အိုင်လွယ်ပန် said...

စကားလုံးတွေ အတော်လှတယ်အစ်ကိုရေ ...
နှစ်သက်စွာဖတ်သွားပါကြောင်း ...

Anonymous said...

“ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့ သဘောတရားအတိုင်း
လူကိုလူက လူအဖြစ်မွေးထုတ်ပြတယ်
လူကလူကို ပြန်မြိုဖို့အတွက်
လူကိုပြန်ဖျောက်တဲ့ ကရိယာတွေကို
လူလိုမဟုတ်တဲ့စိတ်တွေနဲ့ မက်မက်မောမောတီထွင်ကြတယ်
လူစွမ်းကောင်းတွေလက်ရည်သွေးနေကြတဲ့ လောကမှာ
ကျနော်ကတော့ လက်ချည့်ဗလာသက်သက်
အသက်ငွေ့ငွေ့ကိုတော့ မသေရုံတမယ်ရှုတတ်ခဲ့ပါတယ်”
တီထွင်မူတွေနဲ့ ပြည့်နက်နေတဲ့ အပိုလို"၁၁" ကာလမှ လူသားတဦးအတွက်တော့ မဆုံးနိုင်တဲ့ကဗျာကို ဖတ်မိပြီ မဆုံးနိုင်အောင် တွေမိလေရဲ့…. “ဝှုး…………မောတယ်”
လေးစားစွာဖြင့်
kn

လေပြေ said...

အစ်ကိုရေ...အစ်ကိုရေးတဲ့ကဗျာတွေအကုန်ကိုကြိုက်
ကြိုက်နေမိတယ်ဗျာ။စာသားလေးတွေနဲ့ အဓိပါယ်က
ဆက်စပ်ထားကြပုံတွေတော်တော်ကောင်းတယ်။ကျနော်
သဘောအကျဆုံးနေရာလေးရှိတယ်ဗျ.....

ဟာသပြဇာတ်တပုဒ်ထဲမှာ ကိုယ့်ကိုယ်ကိုဒေါင်လိုက်ထိုးထည့်
အတည့်ကိုပြောင်းပြန်လုပ် ခပ်အုပ်အုပ်ရယ်ခဲ့မိရတယ်
အသံကျယ်ကျယ်တော့ မရယ်ရဲခဲ့ပါဘူး
ကိုယ့်တွင်းကိုယ်တူးနေရမှာစိုးလို့......ဆိုတဲ့နေရာလေး
ပါ။ကျနော်ကဗျာတွေရေးတဲ့အခါသိပ်အဆက်စပ်မရှိဘူး
လို့ ဆိုကြတယ်ဗျ။အစ်ကိုတို့ ကိုအားကျတယ်။
ကျနော်လည်းကြိုးစားနေပါတယ်အစ်ကို။
အမြဲအားပေးလျှက်.......ညီလေပြေ

မမသီရိ said...

ကျမလဲ ပဲ ချွင်းချက်မရှိအတိအကျမောနေတယ်…

ဖြိုးငယ် said...

ရေးသွားလိုက်တာ တစ်ပိုဒ်လုံး အချိုးအစား ပြေပြစ်ပြီး
စကားလုံးလေးတွေက အံဝင်ပဲဗျာ ..
လေးစားပါတယ်အကိုရေ

emayarKhin said...

အားကျလိုက်တာ...
ကဗျာကရှည်လဲရှည်....
ကောင်းလဲကောင်း....

မြစ်ကျိုးအင်း said...

ပြောင်မြောက်တဲ့စကားလုံးတွေကို ဘယ်လိုခံစားမှုအားနဲ့
ပန်းကလေးတွေလို တွဲသီထားတာပါလိမ့်...။

ရေးတဲ့ကဗျာတိုင်းနှစ်သက်တယ်...။

Anonymous said...

မဆုံးတဲ့..ကဗျာ
မဆုံးတဲ့..အတွေး
မဆုံးတဲ့.....

အားပေးလျှက်ပါ

(ရည်မွန်)

mgngal said...

ဒီ ကဗျာကိုတော့ အကြိုက်ဆုံး ကဗျာတွေထဲ တေးမှတ်ထားလိုက်ပြီဗျာ ။ ဖတ်ရတာ သိပ်လေးနက်တယ် ။ တွေးစရာပေးထားတဲ့ ကဗျာကောင်းတစ်ပုဒ်အတွက် ကျေးဇူးဗျ ကိုဆောင်းယွန်း ။

ကိုအောင် said...

အပေါ်က လူတွေ ဆိုလိုသလိုဘဲ အကိုကဗျာက ကောင်း
ပါတယ်၊ အားပေးလျက်ပါ ...

MoeThwayNge said...

လူစွမ်းကောင်းတွေလက်ရည်သွေးနေကြတဲ့ လောကမှာ
ကျနော်ကတော့ လက်ချည့်ဗလာသက်သက်
....................
ဟုတ်တယ် အကိုရာ........
တစ်နေ့တစ်နေ့ ရှာဖွေသာ နေရတယ်.. ... ကျွန်တော်တို့ မှာ ဘာမှ မရှိဘူး.... လက်ချည့် ဗလာသက်သက် ပါပဲ....လူစွမ်းကောင်တော့ .. မဖြစ်နိုင် သေးဘူးဗျာ။
............
ခင်မင်မှုဖြင့်
အားလုံးကိုပျော်စေချင်တဲ့..........။

Nyein Chan Aung said...

ရောင့်ရဲမှုကိုမျက်နှာလွှဲထားတတ်တဲ့ ခေတ်ထဲမှာနေရတာ
ပျင်းစရာတော့အကောင်းသား
အပြင်းစားငြီးငွေ့မှုမျိုးတွေနဲ့လည်း ငြီးငွေ့ခဲ့ဖူးပါတယ်
အဆိုးဆုံးကတော့ အမီမလိုက်နိုင်တဲ့ပြဿနာပါပဲ
လေယာဉ်ပျံကိုခဲနဲ့ပေါက်လို့လည်း ကိစ္စကငြိမ်းသွားမှာမဟုတ်ဘူး

အမှန်ပါပဲဗျာ။ ကြိုက်တယ်ကိုဆောင်းရေ။