Thursday, October 15, 2009

”အသစ်နဲ့အဟောင်းထဲမှာ အစစ်ကို လှန်လှောရှာဖွေခြင်း”

လူတကာကို ရေတွက်ဖို့ထက်
မိမိကိုယ်မိမိ လှန်လှောရှာဖွေကြည့်ရအောင်
ကိုယ့်ဘဝကို ကိုယ်မက်ခဲ့တယ်…

အကြောင်းကြောင်းကြောင့်…
မိမိကိုယ်မိမိ ရေတွက်ကြည့်မိတဲ့ ခရီးမှာ
အကျိုးမဲ့ဆယ်စုနှစ်တွေက လေးလံဖိဆီးလို့
သောကမီးတောက်တွေရဲ့ အပေါ်မှာ
ကိုယ့်ကိုကိုယ် လိုက်လံဖွေရှာရင်း
မိမိကိုယ်မိမိ ပျောက်ဆုံးနေခဲ့ရ…

ဖဝါးပြင်ပေါ်က
ဇာတိ မရဏ အရေးအကြောင်းတွေထက်
မျက်နှာပေါ်က
ဇရာအရေးအကြောင်းတွေထက်
ပိုပြီး အရေးကြီးခဲ့တဲ့ နေ့ရက်များ
ကိုယ့်အော်သံကိုယ် ပြန်မကြားနိုင်ခဲ့တဲ့
တောအုပ်တခုထဲက
သုညတွေပေါက်တဲ့ အပင်အိုထက်မှာ
နေလောင်ရင့်မှည့်ခဲ့ကြ…

အပြန်လမ်းမှာ
ဘာနဲ့ဘယ်လို ထုတ်ပိုးသယ်ဆောင်ရမှန်းကို
မနေ့တနေ့ကအထိ မသိနိုင်ခဲ့သေး…..

ခပ်ဝေးဝေးမှာရှိနေခဲ့ကြဖူးတဲ့
သံဝေဂတရားတချို့က
မေ့မေ့လျော့လျော့ နေထိုင်ကြီးပြင်းမှုကို
လက်တို့ သတိပေး
ကိုယ်နဲ့ဝေးနေခဲ့ကြတဲ့ အတွေးများ
တဖြေးဖြေး….ကိုယ်နဲ့နီးကပ်လာခဲ့ကြ….

ရေတွက်နိုင်ခဲ့သမျှကို သယ်ဆောင်ခဲ့သူရဲ့
ရင်ခွင်အခန်းဝမှာ
အနာဂတ်မဲ့ ဒဏ်ရာဒဏ်ချက်တွေကသာ
မလျှော်ဖွပ်ရသေးတဲ့ အိပ်ယာခင်းတခုလို
တွန့်ကြေမွလိပ်
ညတွေကို…
လွမ်းဆွတ်ခြင်း တေးသားတွေထဲ
အကြိမ်ကြိမ် ထည့်သိပ်ခဲ့ရ…

အရာအားလုံးကို..
အကောင်းဆုံး ထားရစ်ခဲ့နိုင်ဖို့အတွက်
လတ်တလောနေ့ရက်တွေမှာ
အသက်ကို ခပ်ပြင်းပြင်းရှုထုတ်သွင်းရင်း
လေးကြောင်းမျဉ်း စာအုပ်ပေါ်မှာ
လက်ရေးလှကျင့်တဲ့ ကလေးငယ်တယောက်လို
”ဘဝ”ဆိုတဲ့ စာသားကို
အမှားမှားအယွင်းယွင်း ရေးခြစ်လေ့ကျင့်နေရတုန်း…

အပြန်ခရီးမှာ
ကိုယ်နဲ့အတူ သယ်ယူသွားနိုင်မယ့်
တစုံတခုအတွက်
တချို့ကိုလွှင့်ပစ် တချို့ကိုသိမ်းဆည်းလို့
သိက္ခာနဲ့အရှက်ကို ထူထူထဲထဲထုပ်ပိုးရင်း
အသစ်နဲ့ အဟောင်းတွေထဲက
အစစ်တခုကိုတွေ့အောင်
ရှာဖွေတူးဆွနေရဦးတော့မယ်……………….။

13 comments:

Anonymous said...

ခံစားချက်တွေနဲ့ ထပ်တူကျနေလို့ အရမ်းကြိုက်သွားတယ်...။

သိင်္ဂါကျော်

(ဒီဘလော့ တစ်ခုပဲ ဒီအတိုင်း ဖွင့်မရဘူး ဖြစ်နေတယ်..။ proxy နဲ့ကျော်မှ ရတော့တယ်။ ကျန်တာတွေ တော်တော်များများ ဒီအတိုင်း ဖွင့်လို့ရတယ်)

mirror said...

အားပါးပါး။အားပါးပါး....
ဘာမှမပြောတတ်တော့ဘူး။မိုက်တယ်ဗျို....
ကူးသိမ်းသွားတယ်။
အောက်ကပိုဒ် အဆုံးထိခိုက်တယ်..

ရေတွက်နိုင်ခဲ့သမျှကို သယ်ဆောင်ခဲ့သူရဲ့
ရင်ခွင်အခန်းဝမှာ
အနာဂတ်မဲ့ ဒဏ်ရာဒဏ်ချက်တွေကသာ
မလျှော်ဖွပ်ရသေးတဲ့ အိပ်ယာခင်းတခုလို
တွန့်ကြေမွလိပ်
ညတွေကို…
လွမ်းဆွတ်ခြင်း တေးသားတွေထဲ
အကြိမ်ကြိမ် ထည့်သိပ်ခဲ့ရ…

နှင်းဟေမာ said...

အစ်ကိုဆောင်းရေ...
ကဗျာကောင်းလေး လာရောက်ဖတ်ရှုပါတယ်....
((( ခပ်ဝေးဝေးမှာရှိနေခဲ့ကြဖူးတဲ့
သံဝေဂတရားတချို့က
မေ့မေ့လျော့လျော့ နေထိုင်ကြီးပြင်းမှုကို
လက်တို့ သတိပေး
ကိုယ်နဲ့ဝေးနေခဲ့ကြတဲ့ အတွေးများ
တဖြေးဖြေး….ကိုယ်နဲ့နီးကပ်လာခဲ့ကြ)))
အရမ်းကို တန်းဖိုးရှိတဲ့ ဒီအပိုဒ်လေးကို အရမ်း နှစ်သက်မိတယ် ........။မဖြစ်မနေ ပြန်ကြရဦးမယ့် နှင်းတို့ တစ်တွေရဲ့ အပြန်ခရီးမှာ
ကိုယ်နဲ့အတူ သယ်ယူသွားနိုင်မယ့်
တစုံတခုအတွက် တချို့ကိုလွှင့်ပစ် တချို့ကိုသိမ်းဆည်းလို့
သိက္ခာနဲ့အရှက်ကို ထူထူထဲထဲထုပ်ပိုးရင်း
အသစ်နဲ့ အဟောင်းတွေထဲက
အစစ်တခုကိုတွေ့အောင်
ရှာဖွေတူးဆွနေရဦးတော့မယ်……………….
ဟုတ်တယ် အစ်ကိုဆောင်းရေ..........
ကျန်ရှိနေသေးတဲ့ အချိန်လေးအတွင်းမှာ အစစ်တခုကိုတွေ့အောင်တော့
ရှာဖွေတူးဆွရဦးမယ်……………….
ကဗျာကောင်းထဲက ရရှိခဲ့တဲ့ အသိတရားတွေအတွက် ကျေးဇူးပါအစ်ကိုရေ..................

မမသီရိ said...

ကျမ လဲ ..ဘ၀.. ဆိုတာကို
လေးကြောင်းမျဉ်းနဲ့ အရေး ကျင့်နေရတုန်း

အဲဒီ စကားစုလေး ကြိုက်တယ်

မိုးစက်အိမ် said...

အသစ်နဲ့ အဟောင်းတွေထဲက
အစစ်တခုကိုတွေ့အောင်
ရှာဖွေတူးဆွနေရဦးတော့မယ်
လန်းတယ် အကိုရာ စာသားကတော့ :)

အိန္ဒြာ said...

တောအုပ်တခုထဲက
သုညတွေပေါက်တဲ့ အပင်အိုထက်မှာ
နေလောင်ရင့်မှည့်ခဲ့ကြ…

သိပ်ထိတဲ့စကားလုံးတွေပါ..။

သုညပင်တွေများစိုက်မိမှားခဲ့လား...
သုညသီးတွေများသီးပြဦးမှာလား...

တွေးသွား..တယ် အကို

အိုင်လွယ်ပန် said...

စကားလုံး တွေ လှတယ် အစ်ကို ..
တွေးနေမိတယ် ...
ယူသွားနိုင်ဖို့ဆိုပြီး လွှင့်ပစ်လိုက်မိတဲ့ အရာတွေ အကြောင်း ..
ကျွန်တော်တို့ တကယ်ယူသွားနိုင်လား ..
တစ်ခုခု ကို လက်ရှိဘဝမှာ စွန့်လွှတ်လိုက်ရင် ..
နောင်ဘဝဆိုတာအတွက် ယူသွားလို့ရလား ...
နောင်ဘဝ ဆိုတာကကော ..
ကျွန်တော် တွေးနေမိတယ် အစ်ကို ..
ကြာပြီ .....

မယ်ကိုး said...

တောအုပ်တခုထဲက
သုညတွေပေါက်တဲ့ အပင်အိုထက်မှာ
နေလောင်ရင့်မှည့်ခဲ့ကြ…

ကျွန်မလည်း အဲဒီစာလုံးသိပ်ကြိုက်တယ် အစ်ကိုရေ...
ကဗျာတစ်ပုဒ်လုံးလည်း အထူးပြောစရာမရှိ ကိုယ်စားပုံပြင်လေးလို ကြိုက်လွန်းလှပါတယ်။

ကျော်သက် said...

ဟေ့လူဆောင်းယွန်းလကြီး
ဘာလို့ဒီလိုအကောင်းစားကြီးတွေရေးဖြစ်သွားတာလဲ
အတုတွေနဲ့ထပ်တူကျနေကြဘ၀မှာဒါဟာအစစ်
ခံစားးမှုအတုတွေထဲကအစစ်ဘဲဗျ
အေးချမ်းစပြုနေတဲ့ဒေသန္တရသဘာဝရာသီထဲမှာ
ခင်ဗျားကဗျာရဲ့ ရင်ငွေ့ကိုခိုလှုံသွားတယ်

ဗညားရှိန် said...

ရေတွက်နိုင်ခဲ့သမျှကို သယ်ဆောင်ခဲ့သူရဲ့
ရင်ခွင်အခန်းဝမှာ
အနာဂတ်မဲ့ ဒဏ်ရာဒဏ်ချက်တွေကသာ
မလျှော်ဖွပ်ရသေးတဲ့ အိပ်ယာခင်းတခုလို
တွန့်ကြေမွလိပ်
ညတွေကို…
လွမ်းဆွတ်ခြင်း တေးသားတွေထဲ
အကြိမ်ကြိမ် ထည့်သိပ်ခဲ့ရ…

ခေါ်သွားလိုက်တဲ့ အတွေးတိမ် . . စ လယ် ဆုံး ကဗျာကောင်းကင်မှာ မျှောနေခဲ့တယ် . . . ကောင်းလွန်း ကောင်းဆဲ ကောင်းနေမြဲပါပဲ

ကိုအောင်(ပျူနိုင်ငံ) said...

ကဗျာထဲက စာသားတွေရော အဓိပ္ပါယ်တွေရော ကောင်း
တယ် အကို။

ဖြူ said...

အရမ်းလေးစားပါတယ်
ဒီကဗျာကိုဖတ်ပြီး အတွေးတွေလဲ များသွားရပါတယ် ...
တော်တော်လေးကောင်းတယ်ဆိုတာထက်ကို
ပိုကောင်းတဲ့ ကဗျာတစ်ပုဒ်ပါ။

အမရာ said...

စကားလုံးတွေအရမ်းကြိုက်တယ်..
သံဝေဂရစရာကဗျာလေးတပုဒ်ပါ...