Friday, November 20, 2009

”နာရီများကို တီးခတ်ခြင်း”

ကဗျာတွေပျောက်နေတဲ့ နေ့တွေမှာ
ကိုယ့်ကိုကိုယ်လည်း ရှာလို့မတွေ့ခဲ့ပါဘူး
ခုတလောတွေက
အရင်တလောတွေထဲက ခွဲထွက်ခြားနား
မနက်ညနေ စိတ်တွေဗျာများနေတယ်….

ထို့ကြောင့်…တို့ကြောင့်…ဘာ့ကြောင့်များ
ကြောင့်ကြမှု ဓားသွားတွေထက်
သောကရောင်လက်နေကြတဲ့ နေ့ရက်တွေမှာ
ကိုယ့်နာမည်ခေါ်သံတွေကိုတောင်
ကိုယ်တိုင်ပြန်ခါးသက်နေမိပြန်တယ်…

အတ္တမှာယဉ်ပါး
မာနသူရာရည်မှာ တောက်စားနေခဲ့တဲ့
မေ့လျော့ခြင်းလျှာကိုဖြတ်လို့
သစ္စာကောင်းကင်ပေါ်ကိုတက်ဖို့
ကိုငှက်ရဲ့ ”ညီလေးရေ”သီချင်းတပုဒ်ကို
စိတ်နှလုံးနဲ့ ဟစ်ထုတ်ခဲ့ဖူးတဲ့အတိတ်

အခုတော့…
ပစ္စုပ္ပန်နဲ့စီးချင်းထိုးနေရတဲ့
ခေတ်ပေါ်ယန္တရားတွေရဲ့ အရိပ်မှာ
ကွဲကြေ တိတ်ဆိတ်နေရော့သလားမသိ….

တကြိမ်တခါမှောက်မှားမိခဲ့ရင်….
တဖက်ဖက်ကို လက်ညှိုးထိုးကြည့်လို့ရနိုင်ပေမဲ့
အကြိမ်ကြိမ်အခါခါမှောက်မှားမိရင်
ကိုယ့်လက်ညှိုးနဲ့
ကိုယ့်ဖက်ကိုယ်ထိုးကြည့်ရလိမ့်မယ်…

ကိုယ့်ကြပ်တည်းမှုကို
ကိုယ့်အတ္တနဲ့ကိုယ်ပြန်ယက်ဖောက်နေမိတဲ့
နေ့ရက်ထီးထီးတွေအောက်မှာ…
တခါတုန်းကဆိုတာတွေကို
ပြောနေဆိုနေကြမိရင်းက
နောက်ထပ်…တခါတုန်းကဆိုတာတွေ
ထပ်တလဲလဲထပ်ဖြစ်သွားမှာကိုလည်း
ခြောက်ခြားနေမိလို့...ခြောက်ခြားနေမိလို့…..

ဒီနေ့..ကိုယ့်မြေယာမှာ ခေါင်နေတဲ့မိုး
ကိုယ့်ကြမ်းကြားက တိုးနေတဲ့လေ
ကိုယ့်အိမ်ခေါင်ကို ဖောက်ထွက်နေတဲ့နေအတွက်
စိတ်ပျက်ခြင်းသွေးတွေကို ဖောက်ထုတ်ပြီး
စည်းလုံးမှုလက်ချောင်းတွေနဲ့
အာဏာခလုတ်မောင်းတွေကို ရိုက်ဖြုတ်ချိုးဖို့
ခြောက်ကြိုးနာရီကို ကဗျာသီညှိတီးခတ်လိုက်မိတယ်……။

9 comments:

Anonymous said...

ကြောင့်ကြမှု ဓားသွားတွေထက်
သောကရောင်လက်နေကြတဲ့ နေ့ရက်တွေမှာ
ကိုယ့်နာမည်ခေါ်သံတွေကိုတောင်
ကိုယ်တိုင်ပြန်ခါးသက်နေမိပြန်တယ်…

တကြိမ်တခါမှောက်မှားမိခဲ့ရင်….
တဖက်ဖက်ကို လက်ညှိုးထိုးကြည့်လို့ရနိုင်ပေမဲ့
အကြိမ်ကြိမ်အခါခါမှောက်မှားမိရင်
ကိုယ့်လက်ညှိုးနဲ့
ကိုယ့်ဖက်ကိုယ်ထိုးကြည့်ရလိမ့်မယ်…


ထိလိုက်တဲ့ စကားလုံးတွေပဲဗျာ အကိုရေ ကောင်းချက်း)

ဒဏ္ဍာရီ said...

တကြိမ်တခါမှောက်မှားမိခဲ့ရင်….
တဖက်ဖက်ကို လက်ညှိုးထိုးကြည့်လို့ရနိုင်ပေမဲ့
အကြိမ်ကြိမ်အခါခါမှောက်မှားမိရင်
ကိုယ့်လက်ညှိုးနဲ့
ကိုယ့်ဖက်ကိုယ်ထိုးကြည့်ရလိမ့်မယ်…

အခုတော့ အကြိမ်ကြိမ် မောက်မှားနေကြတယ် အကို... အမှားနဲ့ ထိုးနေတဲ့လက်တွေက ကိုယ့်ဘက်မှာ လက်ညှိုးတချောင်းမကတော့ ပါဘူး။ ဒါပေမယ့် .. ဘယ်အချိန်ထိများ ဆက်မှားနေကြမလဲ မသိတော့ဘူး။

ဒီနေ့..ကိုယ့်မြေယာမှာ ခေါင်နေတဲ့မိုး
ကိုယ့်ကြမ်းကြားက တိုးနေတဲ့လေ
ကိုယ့်အိမ်ခေါင်ကို ဖောက်ထွက်နေတဲ့နေအတွက်
စိတ်ပျက်ခြင်းသွေးတွေကို ဖောက်ထုတ်ပြီး
စည်းလုံးမှုလက်ချောင်းတွေနဲ့
အာဏာခလုတ်မောင်းတွေကို ရိုက်ဖြုတ်ချိုးဖို့
ခြောက်ကြိုးနာရီကို ကဗျာသီညှိတီးခတ်လိုက်မိတယ်……။

ကိုယ့်အိမ်မှ ကိုယ်မလုံအောင် မထိန်းသိမ်းနိုင်တော့ စည်းလုံးမှုကို ဘယ်လိုသွားရှာရတော့ မလဲ...။ အကို့ရဲ့ ကဗျာလေးနဲ့ ထိမိတဲ့စာသားတွေကို နားလည်သလောက် အနက်ဖွင့် မှတ်သားသွားပါတယ်။

ခင်မင်လေးစားလျှက်

မမသီရိ said...

စိတ်ပျက်ခြင်းသွေးတွေ ဖောက်ထုတ်ရမှာ အမှန်ပါပဲ
ဒီကဗျာလေးက အကြောင်းအရာ ကောင်းသလောက်
ဖွဲ့ဆိုမှု အားကောင်းလိုက်တာ ရှင်

တခါ တုန်းက .. တခါ တုန်းက..
အဲသလို တွေ လဲ မပြောနေချင်တော့ဘူး..

တကြိမ်တခါမှောက်မှားမိခဲ့ရင်….
တဖက်ဖက်ကို လက်ညှိုးထိုးကြည့်လို့ရနိုင်ပေမဲ့
အကြိမ်ကြိမ်အခါခါမှောက်မှားမိရင်
ကိုယ့်လက်ညှိုးနဲ့
ကိုယ့်ဖက်ကိုယ်ထိုးကြည့်ရလိမ့်မယ်…

တခါခိုးခံရရင် သူခိုးအပြစ်
နှစ်ခါ ခိုးခံရရင်လဲ သူခိုးအပြစ်ပဲ ထားပါတော့
သုံးကြိမ် ခိုးခံရပြီ ဆို အိမ်ရှင့် အပြစ်ဆိုတဲ့
ေ၇ှးလူကြီးတွေ စကားလဲ ပြေးသတိရမိပါရဲ့

ကိုချစ်ဖေ said...

ပစ္စုပ္မါန် နေ့ရက်ထီးထီးတွေအောက်မှာ
တခါတုန်းက ဆိုတာတွေကို ပြန်ပြောနေရတာကိုက
ကျနော်တို့ ဘ၀တွေများ ဖြစ်နေပြီလားမသိပါဘူးဗျာ..

မိုးစက်အိမ် said...

ကိုယ့်မြေယာမှာ ခေါင်နေတဲ့မိုး
ကိုယ့်ကြမ်းကြားက တိုးနေတဲ့လေ
ကိုယ့်အိမ်ခေါင်ကို ဖောက်ထွက်နေတဲ့နေ
ခြောက်ကြိုးနာရီ လှလိုက်တဲ့ အရေးအသားတွေဗျာ . . .

မင်္ဂလာပါ .... said...

အစ်ကိုဆောင်းရေ...
ခုပဲ စာမေးပွဲပြီးသွားလို့ ကဗျာလေး အပြေးအလွှားလာဖတ်ရတယ် ....
..... ကိုယ့်ကြပ်တည်းမှုကို
ကိုယ့်အတ္တနဲ့ကိုယ်ပြန်ယက်ဖောက်နေမိတဲ့
နေ့ရက်ထီးထီးတွေအောက်မှာ…
တခါတုန်းကဆိုတာတွေကို
ပြောနေဆိုနေကြမိရင်းက
နောက်ထပ်…တခါတုန်းကဆိုတာတွေ
ထပ်တလဲလဲထပ်ဖြစ်သွားမှာကိုလည်း
ခြောက်ခြားနေမိလို့...ခြောက်ခြားနေမိလို့…..
......အဲဒီစာကြောင်းလေးတွေကိုတော့ အနှစ်သက်မိဆုံးပဲ ........... အားပေးလျှက်နော် အစ်ကို
ခင်မင်လေးစားလျှက်

ညီမလေး

သိင်္ဂါကျော် said...

“ကဗျာတွေပျောက်နေတဲ့ နေ့တွေမှာ
ကိုယ့်ကိုကိုယ်လည်း ရှာလို့မတွေ့ခဲ့ပါဘူး”

“သောကရောင်လက်နေကြတဲ့ နေ့ရက်တွေမှာ
ကိုယ့်နာမည်ခေါ်သံတွေကိုတောင်
ကိုယ်တိုင်ပြန်ခါးသက်နေမိပြန်တယ်...”

နာရီတွေကို တီးခတ်ကြည့်မိတိုင်းမှာ ကိုယ့်ကိုယ်ကို အားမရဖြစ်မိတာ အမြဲတမ်းပါပဲ။

Unknown said...

တကြိမ်တခါမှောက်မှားမိခဲ့ရင်….
တဖက်ဖက်ကို လက်ညှိုးထိုးကြည့်လို့ရနိုင်ပေမဲ့
အကြိမ်ကြိမ်အခါခါမှောက်မှားမိရင်
ကိုယ့်လက်ညှိုးနဲ့
ကိုယ့်ဖက်ကိုယ်ထိုးကြည့်ရလိမ့်မယ်…

ကောင်းလိုက်တာ အစ်ကိုကဗျာဆရာ

လင်းလက်ကြယ်စင် said...

ကဗျာအပြင်းစားတွေကို လာရောက်ခံစားသွားပါတယ် အကိုရေ .. :)