Thursday, October 13, 2011

"'စောင့်နေခဲ့ရတာ..ကြာပြီ''

စောင့်နေခဲ့ရတာ ကြာလှပေါ့
မျှော်လေဦးတော့ ကေသီခိုင်ရေလို့ဆိုရတော့မလားဘဲ....

နွေမလည်း မကနိုင် မလှနိုင်ခဲ့တာကြာပြီ
ထွေးညိုလည်း တေးမဆိုနိုင်ခဲ့တာကြာပြီ
စာဥတို့ရွာကို အရောက်မပြန်နိုင်ခဲ့တာလည်းကြာပြီ
တန်ဆောင်မုန်းမှာ မောင်ဖုန်းရောက်မလာခဲ့တာလည်းကြာပြီ
သီတင်းတွေကျွတ်ခဲ့ပေမယ့် မီးပုံးပျံတွေမလွှတ်နိုင်ခဲ့တာလည်းကြာပြီ
နာရီနဲ့ ရာသီတွေက ကမ္ဘာချီအောင်ကြာခဲ့လေရော့သလား....

ပုံပြင်တွေကို ရုံတင်နေခဲ့တာလည်းကြာ့ပီ
အတိတ်ရဲ့အိပ်မက်ဆိုးတွေကို မီးမှိတ်ပြီး
ပစ္စုပ္ပန်ညမှာ အနာဂတ်အတွက် အိပ်ရေးဝဝမအိပ်နိုင်ခဲ့တာလည်းကြာပြီ
ကြာပြီ....ကြာပြီ......ကြာခဲ့ပြီ....ကြာခဲ့ပြီပေါ့
အိမ်ကိုဧည့်သည်ရောက်လိမ့်မယ်လို့ နမိတ်မဖတ်နိုင်ခဲ့တာကြာပြီ
ထမင်းဝိုင်းမှာ လက်ချင်းမဆုံဖြစ်ကြတာလည်းကြာပြီ
စာမလာ သတင်းမကြား ပျော်ရွှင်ခြင်းတွေအပျင်းဖျားနေခဲ့ရတာလည်းကြာပြီ
စာတစောင်ပေတဖွဲ့ မေတ္တာဘွဲ့တွေပျောက်နေခဲ့ရတာလည်းကြာပြီ
ရယ်မောခြင်းနဲ့ အသက်မရှည်နိုင်ခဲ့ကြရတာလည်းကြာပြီ
ငိုကြွေးခြင်းနဲ့ အသက်တိုခဲ့ကြရတာလည်းကြာပြီ
စစ်မက်ကြောင့် အချစ်ငတ်နေခဲ့ကြရတာလည်းကြာပြီ
လမထွက်တဲ့ညနက်နဲ့ နေမသာတဲ့မြေကမ္ဘာမှာ
တဦးရဲ့ဒဏ်ရာကို တယောက်ကမျှဝေခံစားရင်း
ဆင်းရဲတွင်းနက်နက်မှာ မျိုးဆက်ပျက်ခဲ့ရတာလည်းကြာပြီ

အမှောင်တိမ်လိပ်တွေကြားက
မုသာဝါဒလေထုတွင်း ယုံကြည်ခြင်းမြှားနဲ့ပစ်ခွင်းခဲ့သူတွေကို
စောင့်နေခဲ့ရတာလည်းကြာပြီ.....

တစုံတယောက်သောသူ ပျောက်ဆုံးသွားတဲ့ နံနက်ခင်းတခုဟာ
အားလုံးနဲ့ အလုံးစုံတို့ရဲ့ တနေ့တာလုံးဖြစ်ခဲ့သလို
အားလုံးနဲ့ အလုံးစုံတို့ရဲံ ထဘဝစာသာမက
အားလုံးနဲ့ အလုံးစုံတို့ရဲ့ ခေတ်အဆက်ဆက်စာလည်းဖြစ်ခဲ့တယ်....

စောင့်နေခဲ့ရတာလည်း ကြာလှပေါ့...။ ။

1 comment:

မေသိမ့်သိမ့် ကျော် said...

တစ်နေ့တော့ အဆင်ပြေလာမှာပါ။ ကံကြမ္မာက အဲလောက် မရက်စက်တတ်ပါဘူး။ ကဗျာလေး ကို ခံစားသွားတယ်နော်။

ခင်တဲ့
မေသိမ့်