Tuesday, October 25, 2011

'ဒီလိုနဲ့၊ အရင်အတိုင်း....သီချင်းတပုဒ်ထဲမှာ...ငါ'

တစုံတရာကိုရဖို့
တစုံတထောင်မက လွဲခဲ့ရတယ်....

အရာအားလုံးက
အရောင်ပြောင်းသွားတဲ့ ဗီဒိုဟောင်းထဲက ပရုပ်လုံးလိုပါးလျလို့
နွေနှစ်ဆယ်ကျော်လုံးစီးထားခဲ့တဲ့ ဖိနပ်တရံအမြီးလို အိုမင်းပြီး
မိုးနှစ်ဆယ်ကျော်လုံးဆောင်းထားခဲ့တဲ့ ထီးတချောင်းလို
အရောင်လွင့်ဟောင်းသွားခဲ့ကြတယ်..

မေ့လျော့ခြင်းနံရံမှာ
ချိတ်ချန်ထားရစ်ဖို့ ကြိုးစားခဲ့မိတဲ့ သက္ကရာဇ်တွေက
အိပ်မက်ကမ္ဘာထဲထိ သဲလွန်စရှာ ခြေရာခံလိုက်လာရင်း
လတ်လတ်ဆတ်ဆတ် နေ့လည်နေ့ခင်းတွေထဲ
တစ္ဆေတကောင်လို ခြောက်လှန့်နေတုန်းပဲ...

လက်ဆုပ်လက်ကိုင်မပြနိုင်သးတဲ့ နေ့ရက်တွေအတွက်
လက်တဆုပ်စာ ပစ္စုပ္ပန်နာရီတချို့ကို
ဇရာအဖြစ် တဆစ်ဆစ်ဖဲ့ခြွေပေးနေခဲ့ရရင်း
ရာသီစက်ဝန်းဟာ တဖြေးဖြေးကျဉ်းမြောင်းလွန်းလာခဲ့တယ်....

တချို့အရာတွေကို
မှတ်မှတ်ရရ ဘယ်လိုမှမေ့မရနိုင်ခဲ့သေးဘူး...

ဟာသနဲ့ရောထွေးပြီး အန်ချမပစ်နိုင်ခဲ့တဲ့
ဆယ်စုနှစ်နှစ်ခုကျော်ကာလရဲ့ ဖြစ်ရပ်တွေက
နေ့တဓူဝရဲ့ စဉ်းစားခန်းအပေါ်ထပ်ကို တံခါးခေါက်တော့
ပေါက်တဲ့နဖူးထက် မထူးတဲ့လက်တွေကရောက်လာတတ်တယ်...

တချို့အရာတွေကိုတော့ ပေါ့ပေါ့တန်တန်
မနက်ဖြန်ခါ ဘယ်သွားလို့ ဘယ်လာပြီး
ဘယ်သူနဲ့ ဘာစကားပြောရဖို့ကိုလည်း မေ့လျော့နေတတ်ပြန်တယ်....

မကြာမကြာ...တစုံတရာကို
သမုဒ္ဒရာကြမ်းပြင်ပေါက်အောင် လမ်းလျှောက်ကြည့်မိတဲ့အခါ
အရင်လူတွေလည်းဒီလိုပဲဆိုတဲ့ စာသားက
ဒီလူတွေလည်းအရင်အတိုင်းပဲဆိုတဲ့ သံစဉ်ကိုဝတ်လို့
မုသာဝါဒမြို့ပေါ်မှာ ခါးထောက်ပြီးစီးကရက်သောက်နေတာတွေ့ရတယ်..

မကြာမကြာ...တစုံတရာကို
စကြာင်္ဝဠာအပြင်ရောက်အောင် နားထောင်ကြည့်မိတဲ့အခါ.
ဓာတ်ကျနေတဲ့ စီဒီယွန်တချပ်ထဲက ထွက်ကျလာတဲ့
ကာလပေါ်ဗီလိန်သီချင်းတပုဒ်ကို ကျယ်ကျယ်လောင်လောင်ကြားရတယ်....

ဒီလိုနဲ့...အရင်အတိုင်း
အလွဲအမှားတွေနဲ့ မကွဲပြားနိုင်သေးတဲ့ကမ္ဘာမှာ...ငါ
'နာရီရဲ့သီချင်း'ထူးအိမ်သင်တပုဒ်နဲ့ ကြီးပြင်းအားထုတ်တတ်ခဲ့ပြီ...။ ။

1 comment:

မိုးမြင့်တိမ် said...

သူလိုကိုယ်လိုပါပဲ အခုအချိန်ထိ မုသာဝါဒမြို့ပေါ်မှာ ခါးထောက်ပြီး စီးကရက်သောက်နေတုန်းပါပဲ။

မိုးမြင့်တိမ်